ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်
ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

လူကုန်ကူးမှုအများဆုံး ဖြစ်ပွားရာ ဒေသများမှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရန်ကုန်တိုင်း ဖြစ်ဟုဆို

  မြန်မာနိုင်ငံတစ်ဝန်း လူကုန်ကူးမှု ဖြစ်ပွားသော မှုခင်းများကို ငါးနှစ်တာ စီမံကိန်း လေ့လာတွေ့ရှိချက်များ အရ ဖြစ်ပွားမှု အများဆုံးဒေသများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရန်ကုန်တိုင်းတို့ ပါဝင်ကြောင်း ယနေ့ ကျင်းပသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအစည်းအဝေးတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ် စီမံကိန်းအရ ၂၀၀၆ မှ ၂၀၁၀ အထိ ကာလအား စိစစ်လေ့လာကြည့်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ၂၅၃ မှုနှင့် ရန်ကုန်တိုင်း၌ ၇၃ မှု အထိ ဖြစ်ပွားခဲ့ကြောင်း လေ့လာသိရှိရသည်။ ထို့အပြင် လူကုန်ကူးမှုအဖြစ် အများဆုံးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ရန်ကုန်တိုင်းတို့ ဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်မှာ လူကုန်ကူးမှုဖြစ်တဲ့ မြို့နယ်တွေမှာ အားလုံးကို Target(ပစ်မှတ်)ထားရမယ် မဟုတ်ပါဘူး။ မြို့နယ်အားလုံး မဟုတ်ပါဘူး။ အထူးသဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လှိုင်သာယာ၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်းစတဲ့ ဆယ်မြို့နယ်လောက်ပဲ ပစ်မှတ်ထားရမှာပါ”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒုတိယရဲမှူးကြီး ရာလျှံမုန်းက ဆိုသည်။ ပြီးခဲ့သည့် နှစ်များအတွင်း လူကုန်ကူးမှု ဖြစ်ပွားမှုများအရ ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် ဖြစ်ပွားမှု အများဆုံး ဖြစ်ရခြင်းမှာ နယ်မြေ ဒေသအရနှင့် တစ်ဖက် တရုတ်နိုင်ငံနှင့် ဆက်စပ်မှုရှိခြင်းကြောင့် ဖြစ်သည်။ လူကုန်ကူးမှု တရားခံများ ဖမ်းဆီးမှုအရလည်း ရန်ကုန်တိုင်းတွင် လှိုင်သာယာမြို့နယ်မှ ၃၄ ဦး၊ သန်လျင်မှ ၂၃ ဦး၊ မြောက်ဥက္ကလာ ၂၀ ဦး၊ ဒဂုံဆိပ်ကမ်းမှ ၁၉ ဦးစသည့် မြို့နယ်အလိုက် ဖြစ်ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တရားခံ ဖမ်းဆီးရမိမှုမှာ ၅၁ ဦး၊ ကွတ်ခိုင် ၃၇ ဦး၊ သီပေါ ၁၅ ဦး၊ နမ့်ခမ်း ၁၄ ဦးစသည်ဖြင့် စာရင်းဇယားများ အရသိရကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။